Skip to content
Home » ဧဝံဂိလိယ တရားတော်ကို COVID၊ Quarantine နှင့် Vaccine များမှတဆင့်  သုံးသပ်ကြည့်ခြင်း

ဧဝံဂိလိယ တရားတော်ကို COVID၊ Quarantine နှင့် Vaccine များမှတဆင့်  သုံးသပ်ကြည့်ခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ် (သို့) COVID-19 သည် 2019 နှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ လအနည်းငယ်အကြာတွင် ၎င်းသည် ကမ္ဘာတစ်ဝှမ်းသို့ ကူးစက်ပျံ့နှံ့ကာ နိုင်ငံတိုင်းသို့ ပျံ့နှံ့သွားပြီး လူသန်းနှင့်ချီ၍ သေဆုံးခဲ့သည်။

COVID-19 ၏  အလွန်လျင်မြန်စွာ ပျံ့နှံ့မှုသည် ကမ္ဘာတစ်ဝှမ်းလုံးကို အထိတ်တလန့် ဖြစ်စေခဲ့သည်။ ကာကွယ်ဆေးများ မပေါ်ပေါက်မီတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ထိန်းချုပ်ရေး အောင်မြင်မှု စေနိုင်ရန်အတွက် အချို့သော နည်းနာများကို ကျင့်သုံးရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ယင်း နည်းလမ်းများမှာ ကမ္ဘာပေါ်ရှိလူတိုင်းကို social distancing နှင့် quarantine စနစ်များ ကျင့်သုံးစေခြင်းပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အာဏာပိုင်များကလည်း သက်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခဲ့ကြသည်။ 

နေရာအများစုတွင် လူများသည် အုပ်စုကြီးများနှင့် မတွေ့ဆုံနိုင်တော့ တွေ့ခဲ့သည်ရှိသော်လည်း အနည်းဆုံး နှစ်မီတာအကွာအဝေးတွင် နေထိုင်ကြရမည်ဖြစ်သည်။ COVID-19 ရောဂါပိုးကူးစက်ခံရသူများသည်လည်း အခြားသူများနှင့် ထိတွေ့ခြင်းမှ လုံးလုံးလျားလျား ရှောင်ကြည်ရမည်ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ဆေးသုတေသီများက ကာကွယ်ဆေးထိုးထားသူများသည် ကိုရိုနာဗိုင်းရပ်ကို ခံနိုင်ရည်ရှိလာမည်ဟူသော မျှော်လင့်ချက်ဖြင့် ကာကွယ်ဆေးရှာဖွေရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ ထိုမှ တဆင့် COVID-19 ပြန့်ပွားမှုလျော့ပါးပြီး သေဆုံးမှု လျော့နည်းစေရန် မျှော်လင့်ချက်ဖြင့်ဖြစ်သည်။ 

Covid-19 ကာကွယ်ဆေး

ဤကဲ့သို့သော ကာကွ​ယ်ဆေးဖန်တီးရန်အတွက် ပြုလုပ်ကြသည့် တမူထူးသော လုပ်ထုံးလုပ်နည်းများဖြစ်သည့် Quarantine ထားခြင်းတို့သည် အခြားသော ဗိုင်းရပ်စ်တမျိုးကို ကာကွယ်ရန် ပြုလုပ်သော လုပ်ထုံး လုပ်နည်းတခုနှင့်ပင် ဆင်တူနေပါသည်။ ထိုဗိုင်းရပ်စ်မှာ လက်ရှိအထိ ပြန့်ပွားနေဆဲဖြစ်သော ဝိညာဥ်ပိုင်းဆိုင်ရာ ဗိုင်းရပ်စ်ပင်ဖြစ်သည်။  ယင်းဗိုင်းရပ်စ်ကို ထိန်းချုပ်ခြင်းသည် ယေရှု၏တာဝန်နှင့် ကောင်းကင်နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရား၏ အနှစ်သာရဖြစ်သည်။ ကိုရိုနာဗိုင်းရပ်သည် အလွန်ပြင်းထန်သောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများသည် ၎င်းတို့၏နိုင်ငံသားများကို ကာကွယ်ရန် ခက်ထန်သောနည်းလမ်းများကို ကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် ဤဝိညာဥ်အနှစ်ကို နားလည်သဘောပေါက်ခြင်းသည် အကျိုးရှိပေမည်။ COVID-19 ကပ်ရောဂါသည် ကမ္ဘာသူ ကမ္ဘာသားများကို အငိုက်ဖမ်းနိုင်ခဲ့သလို ဝိညာဥ်ပိုင်းဆိုင်ရာ ဗိုင်းရပ်စ်သည်လည်း လူသားများ အပေါ် ဘေးဥပဒ်ရောက်စေနိုင်ပေသည်။ တနည်းအားဖြင့် COVID ကို ကျမ်းစာလာ အယူအဆများဖြစ်သော အပြစ်တော်, ကောင်းကင်, ငရဲ, ယေရှု၏ တာဝန်တော်များတို့နှင့်လည်း ဆက်စပ်ကြည့်ရှုနိုင်သည်။ ပထမဆုံးအနေနှင့် COVID နဲ့ အပြစ်တော်မှုရဲ့ ဆက်စပ်မှုကို ကြည့်ကြည့်ရအောင်။

သေစေတတ်သော ရောဂါပိုး

COVID ရောဂါပိုးကို ရှောင်လွှဲလို့မရသော်ငြား လူများသည် သူ့အကြောင်းကို ခေါင်းထဲသိပ်ထည့်မထားချင်ပါ။ ထိုနည်းတူ ကျမ်းစာမှာ အပြစ်တော်မှုအကြောင်းကို အများအပြားဖော်ပြထားသော်လည်း လူတွေဟာ ယင်းအကြောင်းအရာတွေကို သိပ်ဆွေးနွေးလိုစိတ် မရှိကြပါ။ ကျမ်းစာသည် အပြစ်တော်တွေကို ပျံ့နှံ့တတ်တဲ့ ရောဂါပိုး တမျိုးတဖွယ် ပုံဖော်လေ့ရှိပါသည်။ COVID ကဲ့သို့ပင်၊ ကျမ်းစာက အပြစ်တော်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ဖြတ်ကျော်ပြီး သတ်ဖြတ်ခြင်းအဖြစ် အဖြစ် ကိုရောက်မည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

12 ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။

ရောမဩဝါဒစာ။ ၅:၁၂

အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။

ဟေရှာယအနာဂတ္တိကျမ်း။ ၆၄:၆

ကပ်ဘေးများသည် ရောဂါများကြောင့် ဖြစ်ရသော်ငြား ရောဂါများသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ AIDS သည် ရောဂါဖြစ်သည်။ HIV သည် ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ SARS ရောဂါတွင် SARS Coronavirus-1 သည် ဗိုင်းရပ်စ်ဖြစ်သည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့၏အပြစ်များ (အများကိန်း) သည် ဝိညာဉ်ရေးဆိုင်ရာ ရောဂါဖြစ်ပြီး အပြစ်တော် (အနည်းကိန်း) သည် ၎င်း၏အရင်းခံဖြစ်ဗိုင်းရပ်စ်ဖြစ်ကာ လူတို့အား သေကြေပျက်စီးစေမည်ဖြစ်ကြောင်း ကျမ်းစာက ဆိုထားသည်။

မောရှေနှင့် ကြေးမြွေ

သခင်ယေရှုသည် ရောဂါနှင့်သေခြင်းကို ချိတ်ဆက်ပေးထားသည့် ဓမ္မဟောင်းဖြစ်ရပ်ကို သူ၏မစ်ရှင်နှင့် ချိတ်ဆက်ခဲ့သည်။ ဤသည်မှာ မောရှေလက်ထက်က အစ္စရေးတို့နေရာအရပ်ကို မြွေများဝင်ရောက်ကာ အသက်ဘေးသင့်စေသော မှတ်တမ်းဖြစ်သည်။

ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။

တောလည်ရာကျမ်း ၂၁:၄-၉
မြွေများ၏ဖမ်းဆီးခြင်းခံရသော အစ္စရေးများ
ကြေးမြွေနှင့် မောရှေး

ဓမ္မဟောင်းကာလတစ်လျှောက်လုံး၊ လူတစ်ဦးသည် ကူးစက်ရောဂါကြောင့်ဖြစ်စေ၊ လူသေအလောင်းများကို ထိတွေ့ခြင်းဖြင့်ဖြစ်စေ အပြစ်တော်ကြောင့်ဖြစ်စေ မစင်ကြယ်သူ ဖြစ်လာသည်။ ဤသုံးမျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ဓမ္မသစ်ကျမ်းသည် ယင်းဆက်စပ်မှုကို ဤသို့ ဖော်ပြထားသည်။

သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊
ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။

ဧဖက်ဩဝါဒစာ။ ၂:၁-၂

သမ္မာကျမ်းစာတွင် သေခြင်းသည် ‘ခွဲခွာခြင်း’ ကို ဆိုလိုသည်။ ၎င်းတွင် ရုပ်ခန္ဓာ သေဆုံးခြင်း(စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ခွဲထုတ်သည်) နှင့် ဝိညာဉ်ရေးသေခြင်း (ဘုရားသခင်နှင့် ကွဲကွာနေသော ဝိညာဉ်) နှစ်ခုလုံး ပါဝင်ပါသည်။ အပြစ်သည် ကျွန်ုပ်တို့အတွင်း၌ မမြင်ရသော်လည်း ကိန်းအောင်းနေသော ဗိုင်းရပ်စ်နှင့်တူသည်။ ၎င်းသည် ဝိညာဥ်ရေးဆိုင်ရာ သေဆုံးခြင်းကို ဖြစ်စေသည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ သေဆုံးမှုဆီသို့ ဦးတည်သွားစေသည်။

သမ္မာကျမ်းစာက အပြစ်ကို ကိုရိုနာဗိုင်းရပ်ကဲ့သို့ပင် အမှန်တကယ်ရှိပြီး သေစေနိုင်ကြောင်း သဘောထားကြောင်းတွေ့နိုင်သည်။ သို့သော်ငြား တချိန်တည်းမှာ ထိုဗိုင်းရပ်စ်အတွက်လည်း ကာကွယ်ဆေးကိုလည်း ညွှန်ပြထားသည်။

မျိုးစေ့ သေဆုံးခြင်းမှတဆင့် ကာကွယ်ဆေး ရရှိခြင်း

သမ္မာကျမ်းစာသည် လာမည့် အမျိုးအနွယ် အကြောင်းကို အကျယ့်တဝန့်ရေးသားခဲ့သည်။ မျိုးစေ့သည် မရှိမဖြစ်လိုအပ်သော DNA အစုအဝေးတစ်ခုဖြစ်ပြီး ဘဝအသစ်တခုကို ပေါက်ဖွားလာစေနိုင်သည်။ မျိုးစေ့အတွင်းရှိ DNA သည် တိကျသော ပုံသဏ္ဍာန်များ နှင့် ကြီးမားသော မော်လီကျူးများ (Proteins) ကို တည်ဆောက်နိုင်သည့် အချက်အလက်ဖြစ်သည်။ ဤသဘောအရ၊ ၎င်းသည် ကြီးမားသော အန်တီဂျင်ဟုခေါ်သည့် မော်လီကျူးများနှင့် သဘောတရား ဆင်တူသည်။ ဘုရားသခင် ဒီလာမယ့် မျိုးစေ့ဟာ အပြစ်နဲ့ သေခြင်းပြဿနာကို ဖြေရှင်းပေးမယ်လို့ ကတိပြု ကြေငြာခဲ့သည်။

15 သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၃:၁၅

အမျိုးသမီးနှင့် သူမ၏ မျိုးနွယ်အကြောင်း အသေးစိတ်ကို ဤနေရာတွင် ကြည့်ပါ။ ဘုရားသခင်က မျိုးနွယ်အားလုံးသည်  အာဗြဟံမှတစ်ဆင့် ကြွလာမည်ဟု ကတိပြုခဲ့သည်။

18 သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၈

ကတိတော်ထားရာတွင် အမျိုးအနွယ်သည် တစ်ဦးတည်းဖြစ်၏။ “တစ်ယောက်သောသူ” ဖြစ်၍ “အများ”လည်းမဟုတ်၊ “တစ်စုံတစ်ခု”လည်း မဟုတ်ပါ။

ဧဝံဂေလိတရားကယေရှုအား ကတိထားရာအမျိုးအနွယ်အဖြစ် ဖော်ပြသော်လည်း လှည့်ကွက်ရှိသည်က သူသည်သေရလိမ့်မည်။

23 ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။
24 ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ်၏။

ရှင်ယောဟန်ခရစ်ဝင်။ ၁၂:၂၃-၂၄

ယေရှု၏ အသေခံခြင်းသည် ကျွန်ုပ်တို့အတွက် စတေးခံမှုသာဖြစ်သည်။

ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။

ဟေဗြဲဩဝါဒစာ။ ၂:၉

အချို့သော ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်ကို ဦးစွာသတ်သည်။ ထို့နောက် သေဆုံးနေသော ဗိုင်းရပ်စ်အား ကာကွယ်ဆေးအဖြစ် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် လိုအပ်သောပဋိပစ္စည်းများကို ထုတ်လုပ်နိုင်သည်။ အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့၏ကိုယ်ခံအားစနစ်သည် ဗိုင်းရပ်စ်များမှ ကာကွယ်ပေးနိုင်တော့မည်ဖြစ်သည်။ အလားတူ၊ ယေရှု၏အသေခံခြင်းသည် လိုအပ်သော မျိုးစေ့ကို ကျွန်ုပ်တို့ ခန္ဓာထဲတွင် ခိုအောင်းစေသည်။ ထိုမှဆင့် ယခုကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်ရန် ကိုယ်ခံအား တခုကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။

Covid -19 ပဋိပစ္စည်း

ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။

ရှင်ယောဟန် ဩဝါဒစာ ပဌမစောင်။ ၃:၉

အထက်ဖော်ပြပါ အကြောင်းအရာများကို သမ္မာကျမ်းစာက ယခုကဲ့သို့ ဆက်လက်ရှင်းပြထားသည်။

ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။

ရှင်ပေတရု ဩဝါဒစာ ဒုတိယစောင်။ ၁:၄

အပြစ်သည် ကျွန်ုပ်တို့ကို ပျက်စီးစေသော်လည်း ကျွန်ုပ်တို့တွင်ရှိသော မျိုးနွယ်၏အသက်သည် အမြစ်စွဲပြီး ကျွန်ုပ်တို့အား ‘ဘုရားသခင့်၏ ဘုန်းအာနုဘော်’ နှင့်ဆက်စပ်ပတ်သတ်စေသည်။

ထိရောက်သော ကာကွယ်ဆေးမရှိသည့်ကာလတွင် Covid အတွက် တစ်ခုတည်းသော ကာကွယ်နည်းမှာ Quarantine ဖြစ်ပါတယ်။ ဤဥပမာသည် ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်း မှန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငရဲဘုံသည် Quarantine နှင့် သဘောတရားချင်းဆင်တူသောကြောင့်ဖြစ်သည်။

ဒါက ဘယ်ကြောင့်လဲ။

Quarantine (ကောင်းကင်နှင့် ငရဲကို ခွဲခြားခြင်း)

‘ကောင်းကင်နိုင်ငံတော်‘ ကြွလာခြင်းအကြောင်းကို ယေရှု သွန်သင်ခဲ့သည် ။ ကျွန်ုပ်တို့သည် ‘ကောင်းကင်နိုင်ငံ’ ကို တွေးတဲ့အခါ သူ့ရဲ့ ရွှေရောင်လမ်းမကြီးတွေလို တဖတ်သတ် အကောင်းဆန်မှုတွေကို မြင်ယောင်လေ့ရှိပါသည်။ သို့သော် ကောင်းကင်နိုင်ငံတော်၏ အခြေခံအုတ်မြစ်မှာ လုံးဝရိုးသားပြီး ကိုယ်ကျိုးမဖက်သော စရိုက်လက္ခဏာရှိသော နိုင်ငံသားများပါရှိသော လူ့အဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့သည် လက်ရှိ ကမ္ဘာမြေတွင် အချင်းချင်းရန်မှ ကာကွယ်ရန် မည်မျှပြင်ဆင်ထားသည်ကို သုံးသပ်ကြည့်ပါ။ လူတိုင်းတွင် အဆင့်မြင့် လုံခြုံရေးစနစ်များ ပါရှိသည့် သော့ခတ်မှုများ ရှိသည်။ ကားတွေကို သော့ခတ်ပြီး ကလေးတွေကို သူစိမ်းတွေနဲ့ စကားမပြောခိုင်းပါ။ မြို့တိုင်းတွင် ရဲအင်အားရှိသည်။ ကျွန်ုပ်တို့၏အွန်လိုင်းဒေတာကို ဂရုတစိုက်ကာကွယ်ရသည်။ ကျွန်ုပ်တို့၏ မြေကမ္ဘာတွင် ထည့်သွင်းထားသော စနစ်များ၊ ကျင့်ထုံးများနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို စဉ်းစားကြည့်ပါ။ ယင်းစနစ်အားလုံးသည် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မဟုတ်ပေဘူးလား။ ဒါဆို သင့်အနေနဲ့ ကောင်းကင်ဘုံမှာ ဘာကြောင့် အပြစ်တော်ဟာ အန္တရာယ်များလဲဆိုတာ နားလည်ကြည့်ဖို့ မခဲယဥ်းပါဘူး။

သုခဘုံ၏ သီးသန့်ဖြစ်မှု

ကောင်းကင်နိုင်ငံ၏ ဖြစ်နိုင်သော ပုံသဏ္ဍာန်

အကယ်၍ ဘုရားသခင်သည် ‘ကောင်းကင်နိုင်ငံတော်’ ကို တည်ထောင်ပြီး ကျွန်ုပ်တို့အား နိုင်ငံသားအဖြစ် သတ်မှတ်ပေးမည်ဆိုလျှင်၊ ကျွန်ုပ်တို့သည် ၎င်းကို မြေကမ္ဘာကြီးအား ငရဲကဲ့သို့ ဖန်တီးသလို ကောင်းကင်အားလည်း ငရဲသို့ လျင်မြန်စွာ ပြောင်းလဲစေမည်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းကျန်းမာဖို့အတွက် COVID-19 ကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားသလိုမျိုး ဘုရားသခင်က ကျွန်ုပ်တို့မှာရှိတဲ့ အပြစ်တော်တွေကို အမြစ်ဖြတ်ရပါမယ်။ အပြစ်သည် ကောင်းကင်ဘုံကို ဝင်ရောက် မပျက်စီးစေရန် ဘုရားသခင်အနေဖြင့် လူသားများအပေါ် Quarantine ကျင့်သုံးရန် လိုအပ်ပေသည်။

သို့ဖြစ်လျှင် ဘုရားသခင်၏ သီးသန့်ခွဲထားပြီး ဝင်ခွင့်ကို ငြင်းပယ်ခံရသော သူတို့အတွက် ဘာဆက်ဖြစ်မည်နည်း။ ဤကမ္ဘာတွင် သင်သည် နိုင်ငံတစ်ခုသို့ ဝင်ခွင့် ငြင်းပယ်ခံရပါက ၎င်း၏ အရင်းအမြစ်များနှင့် အကျိုးခံစားခွင့်များတွင်လည်း သင်မပါဝင်နိုင်ပေ။ ၎င်း၏သက်သာချောင်ချိရေး၊ ဆေးဝါးကုသမှု၊ စသည်တို့ကိုလည်း မရနိုင်ပါ။ သို့သော် အားလုံးကို ခြုံငုံကြည့်လျှင် ကမ္ဘာတစ်ဝှမ်းရှိ လူများ နှင့် အကြမ်းဖက်သမားများပင်လျှင် သဘာဝ၏ တူညီသော အခြေခံအဆင်ပြေမှုများကို နှစ်သက်ကြသည်။ ဤအခြေခံအရာများမှာ အခြားသူများကဲ့သို့ အလင်းရောင်ကို မြင်နေခြင်းနှင့် လေကို ရှုရှိုက်ရခြင်းတို့ဖြစ်သည်။

ဘုရားသခင်နှင့် ခွဲခွာခြင်း ဆိုသည်မှာ အဘယ်နည်း။

အလင်းရောင်ကို မည်သူ ဖန်ဆင်းသနည်း။ ကျမ်းစာတွင် ယခုခဲ့သို့ ဖော်ပြထားသည်။

ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၃
ငရဲ၏ ရုပ်ပုံသဏ္ဍာန်

ယင်းအချက်သည် မှန်ကန်ခဲ့ပါက ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ အလင်းရောင်ကို ငှါးရမ်း အသုံးပြုနေရခြင်းသာဖြစ်သည်။ ကောင်းကင်နိုင်ငံတော်၏ နောက်ဆုံးတည်ထောင်မှုနှင့်အတူ၊ ဘုရား၏အလင်းသည် ဘုရား၏နိုင်ငံတော်၌ ရှိလိမ့်မည်။ ထို့အခါ အောက်ပါ ပုံဥပမာတွင် ယေရှုဖော်ပြခဲ့သည့်အတိုင်း ‘အပြင်ဘက်’ သည် ‘မှောင်မိုက်’ ဖြစ်လိမ့်မည်။

13 ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။

ရှင်မဿဲခရစ်ဝင်။ ၂၂:၁၃

ဖန်ဆင်းရှင်တစ်ဦး ရှိလျှင် ကျွန်ုပ်တို့၏ သဘာဝတရားသည်ပင်လျှင် သူ၏ ပိုင်ဆိုင်မှုဟု သတ်မှတ်၍ ရမည်ထင်ပါသည်။ ‘အလင်း’ ကဲ့သို့သော အခြေခံအကြောင်းအရာမှစ၍ ကျွန်ုပ်တို့၏ တွေးခေါ်မှုနှင့် စကားပြောဆိုမှုစွမ်းရည်တို့သည် ကျွန်ပ်တို့ ဖန်ဆင်းမှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့သည် ၎င်းတို့ကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသာဖြစ်သည်။ ပိုင်ရှင်သည် သူ၏နိုင်ငံတော်ကို အပြီးသတ်ဆောက်ပြီးသောအခါ၊ သူသည် သူ၏ မြေကမ္ဘာပေါ်က အရာအားလုံးကို ပြန်လည်ရယူမည်ဖြစ်သည်။

COVID-19 ပြန့်နှံ့လာသောအခါတွင် ကျွမ်းကျင်သူများက Quarantine ကျင့်သုံးရန် တောင်းဆိုသောအခါကျွန်ုတို့အားလုံး လက်ခံကြတာပဲမဟုတ်ပါလား။ ထိုအဖြစ်အပျက်သည် သူကြွယ်နှင့်လာဇရု ပုံဥပမာတွင် ယေရှုသွန်သင်ခဲ့သည်ကိုပင် အမှတ်ရမိစေသည်။

26 ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။

ရှင်လုကာခရစ်ဝင်။ ၁၆:၂၆

ကာကွယ်ဆေးထိုးခြင်း – ကြေးမြွေမြွေအကြောင်း ယေရှု၏ ရှင်းလင်းချက်

တစ်ခါက ယေရှုသည် မောရှေနှင့် သေစေတတ်သောမြွေများအကြောင်း အသုံးပြု၍ သူ၏တာဝန်ကို ရှင်းပြခဲ့သည်။ မြွေကိုက်ခံရတဲ့လူတွေအတွက် ဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားကြည့်ပါ။

အဆိပ်ရှိသော မြွေကိုက်ခံရသောအခါတွင် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော အဆိပ်များသည် ဗိုင်းရပ်စ်ကူးစက်မှုကဲ့သို့ပင် အန်တီဂျင်ဖြစ်သည်။ ပုံမှန်ကုသနည်းမှာ အဆိပ်ကို စုပ်ထုတ်ရန် ကြိုးစားခြင်းဖြစ်သည်။ ထို့နောက် အကိုက်ခံရသော ခြေလက်များကို တင်းတင်းကြပ်ကြပ်စည်းကာ သွေးများ စီးဆင်းမှုရပ်စေပြီး အဆိပ်များ မပြန့်ပွားစေရန် ကြိုးပမ်းသည်။ နောက်ဆုံးတွင်၊ နှလုံးခုန်နှုန်း နိမ့်ကျသွားသော ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို လျင်မြန်စွာ မစုပ်နိုင်အောင် လှုပ်ရှားမှုကို လျှော့ချသည်။ 

မြွေများသည် အစ္စရေးလူမျိုးတို့ကို ကူးစက်သောအခါ၊ တိုင်တစ်ခုပေါ်တွင် ကိုင်ဆောင်ထားသော ကြေးဝါမြွေကို ကြည့်ရှုရန် ဘုရားသခင်က သူတို့ကို အမိန့်ပေးခဲ့သည်။ အကိုက်ခံရသူအချို့ သင်အနေနဲ့ ဒီဖြစ်ရပ်ကို လူနာအများအပြားမှ အိပ်ရာပေါ်မှဆင်းကာ အနီးနားရှိ ကြေးဝါမြွေကို ကြည့်ကာ ပျောက်ကင်းသွားသည်ဟု မြင်ယောင်ကောင်း မြင်ယောင်လိမ့်မည်။ သို့သော် အစ္စရေးတွင် ထိုအချိန်ကတည်းက လူ ၃ သန်းခန့်ရှိသည်။ ယင်းသည် ခေတ်မီသော မြို့တော်ကြီးတခု၏ အရွယ်အစားဖြစ်သည်။ အကိုက်ခံရသောသူများသည် ကြေးဝါမြွေတိုင်မှ အကွာအတေး ကီလိုမီတာများစွာ ဝေးကောင်းဝေးနေနိုင်သည်။

ရွေးချယ်မှုနဲ့ မြွေများ

ဒါကြောင့် မြွေကိုက်ခံရသူတွေအနေနဲ့ ရွေးချယ်မှုလုပ်ဖို့ လိုပါတယ်။ ၎င်းတို့သည် ဒဏ်ရာကို တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ သွေးစီးဆင်းမှုနှင့် အဆိပ်ပျံ့နှံ့မှုကို ကန့်သတ်ရန် လုပ်နိုင်ကြသည်။ သို့မဟုတ် မောရှေကြေညာခဲ့သော ကိုးကွယ်ရာကို ယုံကြည်နိုင်သည်။ သိုသော် ထိုသို့ပြုလုပ်ရန် ကြေးဝါမြွေကိုရောက်ရန်အတွက် ကီလိုမီတာများစွာ လမ်းလျှောက်ရမည်ဖြစ်သည်။ လမ်းလျှောက်နေစဥ် သွေးစီးဆင်းမှုနှင့် အဆိပ်ပျံ့နှံ့မှု အန္တရာယ်လည်း ရှိပေလိမ့်မည်။  မောရှေ၏ နှုတ်ကပတ်တော်မှ ပြောကြားခဲ့သလို ယုံကြည်ကိုးစားခြင်း သို့မဟုတ် ယုံကြည်ကိုးစားမှုကင်းမဲ့ခြင်းသည် လူတစ်ဦးစီ၏ လုပ်ဆောင်မှုလမ်းကြောင်းကို ဆုံးဖြတ်ပေးလိမ့်မည်။

သခင်ယေရှုက ဤအရာကို ယခုကဲ့သို့ ရည်ညွှန်းခဲ့သည်။

14 မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
15 အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။

ရှင်ယောဟန်ခရစ်ဝင်။ ၃:၁၄-၁၅

ကျွန်ုပ်တို့၏အခြေအနေသည် ထိုမြွေပုံပြင်နှင့်တူသည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ မြို့ထဲ ဝင်လာတဲ့ မြွေတွေက ငါတို့နဲ့ လူ့အဖွဲ့အစည်းအတွင်းက အပြစ်တွေလိုပါပဲ။ ကျွန်ုပ်တို့သည် အပြစ်တော်၏အဆိပ်ကို ကူးစက်ခံရပြီး ယင်းကြောင့် သေဆုံးရလိမ့်မည်။ ဤသေခြင်းတရားသည် ကောင်းကင်နိုင်ငံတော်မှ Quarantine ခံရမည့် အကြောင်းခံဖြစ်သည်။ ထို့နောက် သခင်ယေရှုက လက်ဝါးကပ်တိုင်မှာ မြှောက်ထားခြင်းသည် ကြေးဝါမြွေကို တိုင်ပေါ်တွင် မြှောက်ထားခြင်းနှင့်တူသည်ဟု မိန့်တော်မူခဲ့သည်။ ကြေးဝါမြွေသည် အစ္စရေးတို့ကို သေစေသောအဆိပ်မှ ကုသပေးနိုင်ရန် ၄င်းတို့သည် မောရှေပေးသောအဖြေကို အတိအလင်းယုံကြည်ရပေမည်။ သူတို့သည် ပုံမှန် တွေးခေါ်နိုင်စွမ်းကို ဆန့်ကျင်ကာ ဘုရားသခင် ပေးဆောင်သည့်ချီးမြှောက်မှုအပေါ်တွင် ယုံကြည်ရမည်။ 

ရွေးချယ်မှုနဲ့ ယေရှု

အစ္စရေး နှင့် ကျွန်ုတို့၏ အဖြစ်သနှစ်သည် အတူတူသာဖြစ်သည်။ ကျွန်ုပ်တို့အား အပြစ်နှင့် သေခြင်းမှ ကယ်တင်ရန် ဘုရားသခင်၏ ပြင်ဆင်ပေးထားမှု ယုံကြည်ရန်လိုအပ်ပေသည်။

အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။

ရောမဩဝါဒစာ။ ၄:၅

ကျွန်ုပ်တို့၏ရောဂါပိုးကို တိုက်ဖျက်နိုင်စွမ်းကို ယုံကြည်မည့်အစား အမျိုးအနွယ်၌ ကာကွယ်ဆေးကို ပြုလုပ်ပေးသော ဘုရားသခင်ကို ကျွန်ုပ်တို့ အားကိုးပါ။ ကာကွယ်ဆေး၏အသေးစိတ်အချက်များဖြင့် သူ့ကို ယုံကြည်ပါသည်။ ထို့ကြောင့် ‘ဧဝံဂေလိ’ သည် ‘သတင်းကောင်း’ ကို ဆိုလိုသည်။ ရောဂါကူးစက်ခံထားသော်ငြား ကာကွယ်ဆေးကို အခမဲ့ ရယူနိုင်သောကြောင့် သတင်းကောင်းဟူ၍ သတ်မှတ်ထားခြင်းဖြစ်သည်။

မယုံကြည်လျှင် ဆက်လက်လေ့လာပါ

ကျွန်ုပ်တို့သည် ရောဂါရှာဖွေခြင်းနှင့် ကာကွယ်ဆေးကို ယုံကြည်ရန် အကြောင်းပြချက်တစ်ခု လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်မှုကို လွယ်ကူစွာတော့ မပေးသင့်ပါ။

45 ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
46 နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။

ရှင်ယောဟန်ခရစ်ဝင်။ ၁:၄၅-၄၆

ဧဝံဂေလိတရားသည် ကျွန်ုပ်တို့အား အမျိုးအနွယ်နှင့်ပတ်သတ်၍ လာရောက်ကြည့်ရှုစစ်ဆေးရန် အခွင့်အရေးပေးထားခြင်းဖြစ်သည်။ ဤအကြောင်းအရာများနှင့် စပ်လျဥ်း၍ အောက်ပါ ဆောင်းပါးများကိုလည်း ဖတ်ရှုနိုင်ပါသည်။

ရှေးရှေးတုန်းက နာသနေလ လုပ်ခဲ့သလို လာရောက်လေ့လာကြည့်ရှုပါ။

Leave a Reply

Your email address will not be published. Required fields are marked *