သမ္မာကျမ်းစာနှင့် ပိဋကတ်သုံးပုံတို့သည် တူညီသောအချက်များစွာရှိကြသည်။ ၎င်းတို့နှစ်ခုစလုံးသည် မြင့်မြတ်သောရှေးဟောင်းကျမ်းများဖြစ်သည်။ ၎င်းတို့ကို ယနေ့ခေတ်တွင် အသုံးမပြုကြတော့သော ဘာသာစကားများဖြင့်လည်း ရေးသားထားသောကြောင့် များသောအားဖြင့် ဘာသာပြန်ရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာစာအုပ်များကို ဂရိနှင့် ဟေဗြဲဘာသာဖြင့် ရေးသားထားသည်။ ဗုဒ္ဓဘာသာ ကျမ်းဂန်များကိုမူ မူလက ပါဠိနှင့် သက္ကတဘာသာဖြင့် ရေးသားထားကြသည်။ ထို့အပြင်၊ ၎င်းတို့ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ရေးသားခဲ့သောကြောင့်၊ ယင်းတို့၏ စာသားဆိုင်ရာ ယုံကြည်စိတ်ချရမှုအား ဆုံးဖြတ်ရန် Textual Criticism ဟုခေါ်သော နည်းနာဖြင့် ဤဆောင်းပါးတွင် သုံးသပ်သွားမည်ဖြစ်သည်။
Textual Criticism
Textual Criticism သည် ရှေးစာသားတစ်ခု၏ မူရင်းဖွဲ့စည်းမှုသည် ယနေ့ခေတ်အထိ ပြောင်းလဲခြင်းရှိမရှိ ဆုံးဖြတ်ပေးသည့် ပညာရပ်ဆိုင်ရာ နည်းနာဖြစ်သည်။ ၎င်းသည် ပညာရပ်ဆိုင်ရာ နည်းနာဖြစ်သည်နှင့်အညီ ဘာသာစကားတိုင်း၏ ရှေးဟောင်းစာအရေးအသားများအပေါ် လေ့လာသုံးသပ်နိုင်သည်။
ကြားကာလအပိုင်းအခြား

ဤပုံကြမ်းသည် နမူနာ စာတမ်းတခုကို ဘီစီ ၅၀၀ တွင် ရေးသားထားသည်ဟု ယူဆပြီး Textual Criticism နည်းနာဖြင့်လေ့လာထားခြင်းဖြစ်သည်။ စာတမ်းတခု မပျက်စီးမီ ၎င်း၏ ပထမ မိတ္တူကို ပြုလုပ်ရမည်ဖြစ်သည်။ ယင်းမိတ္တူကို ကျမ်းပြုဆရာများ ဟုခေါ်သော ပညာရှင်လူတန်းစားတစ်ရပ်က ပုံတူကူးယူခြင်း ပြုလုပ်လေ့ရှိသည်။ နှစ်များကြာလာသည်နှင့်အမျှ ကျမ်းတတ်များသည် ပထမမိတ္တူကိုဆက်လက်၍ ဒုတိယနှင့် တတိယမိတ္တူစသည်ဖြင့် အသီးသီး ကူးယူရေးသား ထိန်းသိမ်းကြသည်။ ထိုသို့ကူးယူစဥ် တချိန်ချိန်တွင် မိတ္တူတခုကို ထိန်းသိမ်းရန်ဆုံးဖြတ်ခဲ့ပါမူ ယင်းမိတ္တူသည် ယနေ့ခေတ်အထိ တည်တံ့နေတော့သည် (ဥပမာ- တတိယ မိတ္တူ)
ကျွန်ုပ်တို့၏နမူနာပုံကားချပ်တွင် ကျမ်းပြုဆရာများသည် စီအီး ၅၀၀ တွင် မိတ္တူကို ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့နိုင်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် စာတမ်းကို အစောဆုံးသိနိုင်သည်မှာ စီ.အီး. ၅၀၀ နောက်ပိုင်းမှသာဖြစ်သည်။ ထို့ကြောင့် ဘီစီ 500 မှ 500 စီအီးအထိ အချိန် ( ပုံတွင် X ဖြင့်ပြထားသည်) သည် စာသားပိုင်းဆိုင်ရာ မသေချာမရေရာသော ကာလဖြစ်သည်။ မူရင်းကို ဟိုးအရင်ကတည်းက ရေးခဲ့ပေမဲ့ စီအီး 500 မတိုင်ခင် စာမူတွေအားလုံး ပျောက်ကွယ်သွားပါပြီ။ ထို့ကြောင့် ယင်း X ကာလမှ ကော်ပီများကို အကဲဖြတ်၍ မရပါ။
ဥပမာအားဖြင့်၊ ကျမ်းပြုဆရာများသည် ပထမမိတ္တူမှ ဒုတိယမိတ္တူကို ကူးယူသောအခါ စာသားကို အပြောင်းအလဲလုပ်ခဲ့ပါက၊ ယနေ့ခေတ်တွင် ဤအပြောင်းအလဲနှင့် ပတ်သတ်၍ ကျွန်ုပ်တို့ မသိနိုင်ပါ။ အမှန်တကယ်စတင်ရေးသားသော အချိန်ကာလနှင့် ယနေ့ခတ်လက်ဝယ်ရှိသော မိတ္တူများရေးသားသော အချိန်တို့ကြား X ကာလကို စာသားမသေချာမရေရာမှု ကြားကာလဟု သတ်မှတ်နိုင်သည်။ Textual Criticism တွင်အသုံးပြုသည့် ပထမနိယာမမှာ ဤအချိန်ကြားကာလကို တိုင်းတာခြင်းဖြစ်သည်။ ကြားကာလ x ပိုတိုလေလေ၊ မသေချာမရေရာမှုကာလကို လျှော့ချနိုင်လေဖြစ်သောကြောင့် စာရွက်စာတမ်း၏ မှန်ကန်တိကျမှုအပေါ် ပိုစိတ်ချရလေဖြစ်သည်။
ကျန်ရှိသေးသော စာမူအရေအတွက်
Textual Criticism တွင် အသုံးပြုသည့် ဒုတိယနိယာမမှာ ကျန်ရှိသေးသော စာမူအရေအတွက်ကို ရေတွက်ရန်ဖြစ်သည်။ အထက်ဖော်ပြပါ ဥပမာတွင် ရနိုင်သော စာမူအရေအတွက်မှာ တခုသာဖြစ်သည်။ သို့သော် များသောအားဖြင့် လက်ရေးစာမူ ကော်ပီများသည် တစ်ခုထက်မက ပိုရှိလေ့ရှိသည်။ ကျန်ရှိသော မူရင်းလက်ရေးစာမူများ များလေလေ စာမူအချက်အလက် ပိုမိုကောင်းမွန်လေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းပညာရှင်များသည် ဤမိတ္တူများအား နှိုင်းယှဥ်ခြင်းအားဖြင့် တစ်ခုနှင့်တစ်ခု မည်မျှသွေဖည်သွားသည်ကို သိရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ရေးစာမူ မိတ္တူ အရေအတွက်သည် ရှေးကျသော အရေးအသားများ၏ စာသားယုံကြည်စိတ်ချရမှုကို ဆုံးဖြတ်သည့် ဒုတိယ နိယာမဖြစ်လာသည်။
ကျမ်းစာနှင့် ပိဋကတ်သုံးပုံတို့ကို Textual Criticism နည်းနာဖြင့် သုံးသပ်ကြည့်ခြင်း
ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် ပိဋကတ် နှစ်ခုလုံးကို Textual Criticism နည်းဖြင့် လေ့လာကြည့်ပါမည်။
မူရင်းရေးသားသူများနှင့် စာမူများ

ဤအချိန်ဇယားသည် သမ္မာကျမ်းစာ၏ အဓိကစာရေးဆရာများနှင့် ပရောဖက်များကို ပြသထာသည်။ (အလွန်ရှုပ်ထွေးသွားမည် စိုးရိမ်သောကြောင့် ဇယားတွင် ပရောဖက် အားလုံးကို မထည့်သွင်းထားပါ) ဓမ္မဟောင်းကျမ်းစာရေးဆရာတိုင်းသည် သူတို့၏ဘဝတစ်သက်တာတွင် စာအုပ်များရေးသားခဲ့ကြသည်။ ဟိုးရှေးရှေးတုန်းက နေထိုင်ခဲ့တာမို့ သူတို့ရဲ့ အရေးအသားတွေဟာ အစောဆုံးကျန်ရစ်သော စာမူများဖြစ်သည်။ ယနေ့အသုံးပြုသည့် အက္ခရာရေးနည်းစနစ်အားလုံးသည် ဟေဗြဲလူမျိုးတို့၏ အက္ခရာ စနစ်မှလာသည်ဟုဆိုသော သက်သေ သာဓကများလည်းရှိသည်။

ယခု ကျွန်ုပ်တို့သည် အချိန်ဇယား၏ အောက်ပိုင်းတွင် ဗုဒ္ဓဘုရားကို ထည့်သွင်းထားသည်။ သူသည်လည်း ဓမ္မဟောင်းစာရေးဆရာများ အသက်ရှင်သည့်ကာလတွင် ပေါ်ပေါက်ခဲ့သည်ကို တွေ့နိုင်သည်။ ဗုဒ္ဓ၏ တပည့်တော်များသည် သူ၏သွန်သင်ချက်များကို ရေးသားခြင်းဖြင့် မဟုတ်ပဲ နှုတ်ဖြင့် လက်ဆင့်ကမ်း မှတ်တမ်းတင်ထားကြသည်။

ယခု ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းစာများကို အချိန်ဇယားတွင် ထည့်သွင်းထားပါသည်။ ယေရှုသည် ဓမ္မသစ်ကျမ်းတွင် မည်သည့်စာအုပ်မျှ မရေးခဲ့ပါ။ ယေရှု၏တပည့်များနှင့် တမန်တော်များသည် ဓမ္မသစ်ကျမ်း ၂၇ စောင်လုံးကို ရေးသားခဲ့သည်။ ယေရှု၏ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် စီအီး ၃၃ တွင် ဖြစ်ပွားခဲ့သည်။ သူ၏တမန်တော်များသည် စီအီး ၄၀ မှ ၉၀ အတွင်း အနှစ် ၅၀ အတွင်း ဓမ္မသစ်ကျမ်းစာအုပ်များကို ရေးသားခဲ့သည်။ ဤအချိန်ကာလကို အပြာရောင်စတုဂံအဖြစ် အချိန်ဇယားတွင် ပြသထားသည်။

ထိုနည်းတူ ဗုဒ္ဓဂေါတမသည် သုတ္တန် သို့မဟုတ် အခြားကျမ်းစာများကို မရေးခဲ့ပေ။ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့် ပညာရှင်များ၏ တင်ပြချက်အရ ရဟန်းတော်များသည် ပိဋကတ်တော်များကို နှုတ်ဖြင့် လက်ဆင့်ကမ်းခြင်းအစား ဘီစီအီး ပထမရာစုတွင် သုတ္တန်များကို ရေးသားခဲ့ကြသည်ဟု သိနိုင်သည်။ ဇယား၏အောက်ဘက်တွင် ဤကာလကို အပြာရောင်စတုဂံပုံဖြင့် ပြထားသည်။
ယနေ့ခေတ်ကျန်ရှိသော ကျမ်းစာများ

ယခု ဇယားတွင် ယနေ့ခေတ်တွင် ကျန်ရှိနေသေးသော အစောဆုံး မိတ္တူများကိုထည့်သွင်းထားသည်။ ပညာရှင်များက Dead Sea Scrolls ဟုခေါ်သော ကျမ်းဟောင်း၏ အစောဆုံး မိတ္တူကို ဘီစီ ၂၅၀ မှ ၁၀၀ အတွင်းရေးသားထားသည်ဟု သတ်မှတ်ကြသည်။ ဤဆောင်းပါးတွင် Dead Sea Scrolls များအကြောင်း အသေးစိတ်ဖတ်ရှုနိုင်ပါသည် ။ ယေရမိနှင့် ဇာခရိတို့ကဲ့သို့သော စာရေးဆရာများ ရေးပြီး နှစ်ရာအနည်းငယ်အကြာကတည်းကပင် ဤဟေဗြဲစာမူများကို ကျမ်းပြုဆရာများက ကူးယူခဲ့ကြကြောင်းတွေ့နိုင်သည်။ အချိန်ဇယားတွင် Dead Sea Scrolls ကို အစိမ်းရောင်စတုဂံအသေးတစ်ခုအဖြစ် ပြသထားသည်။
ရှေးဟောင်းသုတေသနပညာရှင်များနှင့် ပညာရှင်များသည် ဓမ္မသစ်ကျမ်း၏ စာမူအစိတ်အပိုင်းအရေအတွက် ၂၄၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်များနှင့် အဖွဲ့အစည်းများသည် ဤမြောက်မြားစွာသောမိတ္တူများကို သိမ်းဆည်းထားသည်။ ယင်းတို့အနက် ၅၀၀၀ ခန့်သည် ဂရိဘာသာစကားဖြစ်သည်။ ပညာရှင်များက အစောဆုံးသော ဂမ္မသစ် မိတ္တူသည် မူရင်းရေးသားပြီး နှစ် ၅၀ အကြာ ၁၂၅ စီအီးတွင် ရေးသားထားသည်ဟု သတ်မှတ်ကြသည်။ ထို့နောက် နောက်နှစ်ပေါင်း ၁၁၀၀ ကျော်တွင် ကျမ်းပြုဆရာများသည် လက်ကျန်စာမူပေါင်း ၂၄၀၀၀ ကို ကူးယူခဲ့ကြသည်။ အစိမ်းရောင်စတုဂံရှည်သည် ဤမိတ္တူများကို ရေးသားခဲ့သော ရှည်လျားသည့် ကာလကို ပြသပါသည်။
ယနေခေတ်ကျန်ရှိသော ဗုဒ္ဓဘာသာသုတ္တန်များ
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သော Ganhari ဘာသာစကားဖြင့် ရေးသားထားသည့် အရေအတွက် ၁၅၀ ခန့်ရှိသည့် သုတ္တန်များသည် အစောဆုံးသော စာမူများဖြစ်ကြသည်။ ပညာရှင်များက ဤစာမူများသည် ဘီစီ ၃ရာစုမှ စီအီး ၁ ရာစုအတွင်း ရေးသားထားသည်ဟု မှတ်ချက်ပြုကြသည်။ အချိန်ဇယားအောက်တွင် အဝါရောင်စတုဂံဖြင့်ဖော်ပြထားပါသည်။
ပါဠိနှင့် တရုတ် အရေးအသားများသည် အရေးအကြီးဆုံး ဗုဒ္ဓဘာသာကျမ်းများဖြစ်သောကြောင့် အချိန်ဇယားတွင် ၄င်းတို့ကို ထည့်သွင်းထားပါသည်။ ယွမ်မင်းဆက်၏ ကူဘလိုင်ခန် (Kublai Khan) ခေတ် ခရစ်နှစ် ၁၁၅၀ တွင် ရေးသားထားသော Zhaocheng Jin Tripitaka (趙城金藏) ဟုခေါ်သည့် တရုတ်တိပတ္တကာမိတ္တူသည် အစောဆုံးသောစာမူ ဖြစ်သည်။ ထေရဝါဒကျောင်းတော်၏ အစောဆုံးပါဠိတိပတ္တကကျမ်းကိုမူ ၁၅ ရာစုနှောင်းပိုင်းတွင် ရေးသားခဲ့သည် ။ ၎င်းတို့နှစ်ခုလုံးကို ဇယားတွင် အဝါရောင်စတုဂံများအဖြစ် ထည့်သွင်းထားသည်။
၁၉၅၄-၁၉၅၆ အတွင်းကျင်းပေသာ ၆ ကြိမ်မြောက် ဗုဒ္ဓဘာသာကောင်စီ၌ ပါဌိတော်များကို အပြီးသတ် ဆွေးနွေးသုံးသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။ ဒါကိုလည်း အချိန်ဇယားထဲမှာ ထည့်သွင်းထားပါတယ်။ ပါဠိနှင့် သက္ကတတို့ကို ယနေ့ခေတ်တွင် ပုံမှန်အသုံးမပြုတော့သောကြောင့် ဤစာများကို အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ၊ ခမာ၊ ဆင်ဟာလ နှင့်အခြားသောဘာသာစကားများသို့လည်း ဘာသာပြန်ဆိုထားပါသည်။
ဘာသာပြန်ခြင်းလား၊ အသံပြန်ဆိုခြင်းလား
သမ္မာကျမ်းစာကို မူရင်းစာရေးဆရာများသည် ဟေဗြဲ (ဓမ္မဟောင်းကျမ်းအတွက်) နှင့် ဂရိ (ဓမ္မသစ်ကျမ်းအတွက်) ဖြင့် ရေးသားခဲ့သည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာဖြင့် ရေးသားခဲ့ကြခြင်းမှာ ယနေ့ အင်္ဂလိပ်ကဲ့သို့ပင် ထိုအချိန်က ဂရိသည် နိုင်ငံတကာဘာသာစကားဖြစ်သောကြောင့် ဖြစ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ် နှစ်ခုစလုံးအပေါ် ဂရိဘာသာစကား၏ သြဇာလွှမ်းမိုးမှုကို သိရှိမှသာ ခေတ်သစ်ဘာသာပြန်ကျမ်းများကို သေချာနားလည်နိုင်မည်ဖြစ်သည်။
ဘာသာပြန်ခြင်း၏ အခြေခံအချို့ကို ဦးစွာဖော်ပြလိုပါသည်။ ဘာသာပြန်သူများသည် အမည်များ သို့မဟုတ် ခေါင်းစဉ်များနှင့်ပတ်သက်လာသောအခါတွင် အဓိပ္ပာယ်မဟုတ်ဘဲ ဆင်တူသော အသံ ဖြင့် ဘာသာပြန်ရန် ရွေးချယ်လေ့ရှိကြသည်။ ယင်းကို အသံပြန်ဆိုခြင်း လို့ သတ်မှတ်နိုင်ပါသည်။ အောက်ဖော်ပြပါပုံတွင် ဘာသာပြန်ခြင်း နှင့် အသံပြန်ဆိုခြင်း ကြား ခြားနားချက်ကို ဖော်ပြထားပါသည် ။ Sinhala ဘာသာစကားမှနေ၍ ‘Three Baskets’ အတွက် စကားလုံးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် နည်းလမ်းနှစ်ခုကို အသုံးပြုနိုင်ပါသည်။ ခြင်းသုံးလုံးဟု အဓိပ္ပာယ် အခြေပြုပြန်နိုင်သကဲ့သို့ အသံအခြေပြုကာ တိပိဋက (Tipitakaya) ဟူ၍လည်း ပြန်ဆိုနိုင်သည်။

ထိုကဲ့သို့ အမည်များကို ဘာသာပြန်ရာတွင် မှန်သည် မှားသည်ဟု တရားသေ သတ်မှတ်ထားသော စည်းမျဥ်းများမရှိပါ။ ရွေးချယ်မှုသည် လက်ခံသူဘာသာစကားတွင် ဝေါဟာရကို လူအများမည်ကဲ့သို့ နားလည်သဘောပေါက်နိုင်သည်ဟူသော အချက်နှင့်သာ သက်ဆိုင်သည်။
စက်ပ်တွားဂျင့်
သမ္မာကျမ်းစာ၏ ပထမဆုံးဘာသာပြန်သည် ဘီစီ 250 ခန့်တွင် ဟေဗြဲဓမ္မဟောင်းကျမ်းကို ဂရိဘာသာသို့ပြန်ဆိုခြင်းဖြင့် ဖြစ်ပွားခဲ့သည်။ ဤဘာသာပြန်ဆိုခြင်းကို စက်ပ်တွားဂျင့် (သို့မဟုတ် LXX) ဟုလူသိများ ပြီး ၎င်းသည် အလွန်သြဇာညောင်းပါသည်။ ကျွန်ုပ်တို့၏အချိန်ဇယားကို ရှုပ်ပွခြင်းမှရှောင်ရှားရန် စက်ပ်တွားဂျင့် ကို မထည့်သွင်းထားပါ။ သို့သော် အခြေခံအားဖြင့် ဟေဗြဲ Dead Sea Scrolls များကို မိတ္တူပွားသည့်ကာလနှင့် ဟေဗြဲရဗ္ဗိများက စက်ပ်တွားဂျင့်ကို ဘာသာပြန်ဆိုထားသည့်ကာလသည် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဘီစီ 250 နောက်ပိုင်းတွင် ဓမ္မဟောင်းကျမ်းကို ဟေဗြဲနှင့် ဂရိဘာသာဖြင့် ရရှိနိုင်ခဲ့သည်။ ဓမ္မသစ်ကျမ်းသည် ဂရိဘာသာစကားဖြစ်သောကြောင့်၊ ယင်းထဲတွင် ပါဝင်သော ဓမ္မဟောင်းကျမ်းအပေါ် ကိုးကားချက်အများအပြားသည် ဂရိစက်ပ်တွားဂျင့်မှဆင်းသက်လာခြင်းဖြစ်သည်။
စက်ပ်တွားဂျင့်တွင် ဘာသာပြန်ခြင်းနှင့် အသံပြန်ခြင်း
အောက်ဖော်ပြပါ ဇယားကွက်တွင် ခေတ်သစ် ကျမ်းစာ ဘာသာပြန်ဆိုမှုအကြောင်း ဖြစ်စဥ်ကို ဖော်ပြထားပါသည်။

မူရင်းဟေဗြဲဓမ္မဟောင်းကျမ်းကို အကွက် ၁ တွင်တွေ့မြင်နိုင်သည်။ စက်ပ်တွားဂျင့်သည် ဘီစီ ၂၅၀ တွင် ဟေဗြဲဘာသာမှ ဂရိဘာသာသို့ပြန်ဆိုထားခြင်း အကြောင်းကို မြှားဖြင့် အကွက် ၁ မှ ၂ သို့ ပြသထားသည်။ ဓမ္မသစ်ကျမ်းစာရေးဆရာများသည် ဓမ္မသစ်ကျမ်းကို ဂရိဘာသာဖြင့် ရေးသားခဲ့သည်၊ ထို့ကြောင့် အကွက် ၂ သည် ဓမ္မဟောင်းနှင့် ဓမ္မသစ် နှစ်ခုလုံးပါရှိနေသည်ဟု ဆိုနိုင်သည်။ အကွက် ၃ သည် သမ္မာကျမ်းစာ၏ ခေတ်မီဘာသာပြန်ဆိုခြင်းဖြစ်သည် (ဥပမာ အင်္ဂလိပ်)။ ဤခေတ်သစ်ပြန်ဆိုမှုများကို ဘာသာဗေဒပညာရှင်များသည် ကျမ်းဟောင်းအတွက် မူရင်းဟေဗြဲ (၁ -> ၃) ကျမ်းသစ်အတွက် မူရင်း ဂရိ (၂ -> ၃) မှ အသီးသီး ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ပညာရှင်များက အမည်နှင့်ဘွဲ့တော်များကို ပြန်ဆိုရာတွင် အထက်ဖော်ပြပါ ဘာသာပြန်ဆိုခြင်း သို့မဟုတ် အသံပြန်ဆိုခြင်း နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
ဘာသာပြန်ဆိုခြင်းနှင့် အသံပြန်ဆိုခြင်းကြား ကွာခြားချက်ကို သိရှိခြင်းနှင့် စက်ပ်တွားဂျင့်ကျမ်း၏ သမိုင်းနောက်ခံကို နားလည်ခြင်းသည် ‘ခရစ်တော်’ ဟူသော နာမတော်၏ သမိုင်းကြောင်းကို သိရှိရန် အထောက်အပံ့ပေးမည်ဖြစ်သည်။ ယေရှုခရစ် ကမ္ဘာမြေပေါ် မကြွလာမီ အနှစ်တစ်ထောင်ခန့်ကပင် ပရောဖက်များသည် ပရော်ဖက်ဆီများကို ရေးသားခဲ့ကြသည်။ ဤပရောဖက်ပြုချက်များသည် ယေရှုခရစ်တော်၏ လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရှင်ဘုရားသခင်၏ အစီအစဉ်ဖြစ်ကြောင်း သက်သေများလည်း ဖြစ်ကြသည်။ ‘ခရစ်တော်’ ဟူသော နာမတော်၏ သမိုင်းကြောင်းကို ဤဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။